နိုင်ငံရေး စစ်ရေး ပြည်တွင်းသတင်း

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနားယူမယူနဲ့ပတ်သက်ပြီး တပ်မတော် ဘာပြောလဲ

လာမယ့် ၂၀၂၁ ခုနှစ်မှာ အသက် ၆၅ နှစ်ပြည့်မှာဖြစ်ပြီး နောက်ထပ် ငါးနှစ်သက်တမ်းတိုးတာဝန်ထမ်းဆောင်မှု ကုန်ဆုံးတော့မယ့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရာထူးက အနားယူမယူနဲ့ပတ်သက်ပြီး ဥပဒေကိုကျော်လွန်လုပ်ဆောင်ဖို့မရှိဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားလိုက်ပါတယ်။

ဒီနေ့ နိုဝင်ဘာ ၂၇ ရက်မနက်ပိုင်းက နေပြည်တော် စစ်သမိုင်းပြတိုက်မှာ ပြုလုပ်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ ခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်မှာလည်း ပြဌာန်းထားပြီးဖြစ်ပါတယ်။ အဲဒီ အတိုင်းပဲ ကျွန်တော်တို့ဆောင်ရွက်မှာဖြစ်ပါတယ်။ ကျော်လွန်ဆောင်ရွက်စရာမရှိပါဘူး။ ဒါ့အပြင် အခုကာလက ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်ဖို့ကိုယ်စားလှယ်လောင်းများရရှိထားတဲ့ ပါတီအနေနဲ့က အစိုးရဖွဲ့နိုင်ဖို့ဆောင်ရွက်နေတာဖြစ်ပါတယ်။

ဘယ်လိုနိုင်ငံရေးအခင်းအကျင်းဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့်လည်းမသိသေးပါဘူး။ ဒီကိစ္စတွေ ပြီးဆုံးမှ ဒီမေးခွန်းရဲ့အဖြေက တိတိကျကျရရှိလာမှာဖြစ်ပါတယ်။ ဥပဒေကိုကျော်လွန်ပြီးလုပ်ဆောင်ဖို့ မရှိပါဘူး လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့တာဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ တပ်မတော်က တပ်ပိုင်းဆိုင်ရာတွေကိုလွတ်လပ်စွာစီမံခန့်ခွဲခွင့်ရှိတယ်လို့ဖော်ပြထားသလို ကာကွယ်ရေးဦးစီးချုပ်အသစ်ကို ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့ အဆိုပြုထောက်ခံချက်နဲ့ ခန့်အပ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *