ပြည်တွင်းသတင်း မှုခင်းသတင်းများ

တောင်တွင်းကြီးမြို့က တန်ဆောင်တိုင်ည လူသတ်မှုကို ရဲတပ်ဖွဲ့က ၄၈ နာရီအတွင်း ဖော်လိုက်ပြီ

တောင်တွင်းကြီးမြို့ ၊ ရွှေကြာအင်း(၂)ရပ်ကွက် ၊ ဗိုလ်ချုပ်လမ်း နှင့် တောင်တွင်း-မြို့သစ်ကားလမ်းထောင့် ၊ AK ဖုန်းရောင်းဝယ်ရေးဆိုင်ရှေ့ ကားလမ်းဘေးတွင် နိုဝင်ဘာ ၃၀ရက်နေ့ တန်ဆောင်တိုင်ညက အမျိုးသားတစ်ဦး သေဆုံးခဲ့ရပြီး လူသတ်မှုကျူးလွန်သူကို ၄၈ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးထံက သိရသည်။ သံသယရှိသူများကို ရဲတပ်ဖွဲ့က လူခွဲ၍ ခေါ်ယူစစ်ဆေးရာ မျက်မြင်သက်သေများက ငြင်းမရသည့်အဆုံး၌ ဖြစ်စဉ်ကို ထွက်ဆိုခဲ့ပြီး သက်သေအလီဘိုင်များပြကာ ဖုံးကွယ်ခဲ့သည့် ဓားဖြင့်ထိုးသူ မင်းမင်းဦး နှင့် ပုလင်းဖြင့်ရိုက်ခဲ့သူ သန်း ဇော်ဦး တို့မှာလည်း ဝန်ခံထွက်ဆိုချက်ပေးခဲ့ရသည်။

ရဲတပ်ဖွဲ့စစ်ဆေးချက်အရ လူသတ်မှုကျူးလွန်သည်ဟုဆိုသူ မင်းမင်းဦးမှာ သူ၏ သူငယ်ချင်း(၃)ဦးနှင့်အတူ ၎င်း၏ကွမ်းယာဆိုင်တွင်အရက်သောက်နေကြောင်း ၊ လမ်းတစ်ဘက်မျက်နှာချင်းဆိုင်မှ ကွမ်းယာဆိုင်ပိုင်ရှင် အောင်အောင် ဆိုသူ ရောက်လာပြီး အရက်အတူသောက်ကြကြောင်း ၊ ပုလင်းထောင်၍ လေးဂွလက်တည့်စမ်းကြရင်း လေးဂွကြိုး ပြတ်သွားရာ မှ တစ်ဆင့် စကားများခဲ့ပြီး သေဆုံးသူက ဓားထုတ်ကာ ခြိမ်းခြောက်ဟန် ပြုသဖြင့် မင်းမင်းဦးက ဓားဖြင့်ထိုးရာ နောက်ကျောမှ တစ်ဆင့် အဆုတ်ထိသွားပြီး အောင်အောင် သေဆုံးသွား ခဲ့ကြောင်း ရဲတပ်ဖွဲ့ က သိရသည်။

အစကတည်းက သူတို့နှစ်ယောက်ကြားထဲမှာ အဖုအထစ်တွေရှိခဲ့တယ်။ မျက်နှာချင်း ဆိုင်မှာ ကွမ်းဆိုင်တွေ ဖွင့်ထားကြတယ်။ ပြိုင်ဘက်တွေ ဖြစ်နေတယ်။ တစ်ယောက်ကိုတစ်ယောက် မကြည်ကြဘူး။ ဘာမှတန်ဖိုးမရှိတဲ့ လောက်လေး ဂွလို ကိစ္စမျိုးနဲ့ အစကတည်းက အခုအခံရှိတဲ့ မကျေနပ်မှုတွေ ဒေါသတွေ ပေါက် ထွက်ကုန်ကြတာ။ အရက်သောက်တဲ့အချိန်မှာ ဒေါသတွေ မထိန်းနိုင်ခဲ့ကြဘူး ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောကြားသည်။ သေဆုံးသူမှာ မှောက်လျက်အနေအထားဖြင့် နောက်ကျော၏ ဘယ်ဘက်ခြမ်း အထက်နားတွင် ထိုးသွင်း ဒဏ် ရာတစ်ချက် ၊ ဘယ်ဘက်မျက်ခုံးအထက်နားတွင် ပေါက်ပြဲဒဏ်ရာတစ်ချက်တို့ ရရှိထားသည်ကို တွေ့ရကြောင်း ၊

သေဆုံးသူ နှင့် ဓားဖြင့်ထိုးသူတို့ နှစ်ဦးလုံးတွင် ဓားလက်နက်များဆောင်ထားသည်ကို စစ်ဆေးသိရှိရပြီး အရက်အတူထိုင်သောက်သူများတွင်လည်း လက်နက်များပါရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ က မှတ်တမ်းတင်ထားသည်။ တရားခံဖမ်းဆီးရေး နှင့် အမှုမှန်ပေါ်ပေါက်ရေးတို့အတွက် တိုင်းရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်အရ ဒုတိုင်း ရဲ တပ်ဖွဲ့မှူး ရဲမှူးကြီးတင်ရွှေ ၊ ခေတ္တ ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဝင်းတို့က အနီးကပ်ကြီးကြပ်ခဲ့ပြီး တောင်တွင်းရဲတပ်ဖွဲ့ တာဝန်ရှိ သူများက လူသတ်မှုဖြစ်ပြီး ၄၈ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။ နိုဝင်ဘာ ၃၀ရက်နေ့ ညသန်းခေါင် ကျော်(ဒီဇင်ဘာ ၁ရက်နေ့မနက်ပိုင်းတွင်) သေဆုံးသူ၏ဇနီးက တောင်တွင်းကြီး မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ပြီး (ပ) ၆၀၂/၂၀၂၀ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုလက်ခံကာ ဒုရဲမှူး အေးခင်မောင် က အမှုစစ်ဖြင့်တာဝန်ယူဆောင်ရွက်ခဲ့ကြောင်းရဲတပ်ဖွဲ့ကသိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *