နိုင်ငံတကာသတင်း

နိင်ဂျီးရီးယားမှာ လယ်သမား ၄၀ ကျော် သတ်ဖြတ်ခံရ

နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းမှာ ကောက်ရိတ်သိမ်းနေတဲ့ လယ်သမား ၄၀ ကျော်ကို ဘိုကို ဟာရန် စစ်သွေးကြွအဖွဲ့က သတ်ဖြတ်လိုက်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ သတ်ဖြတ်ခံသူတွေထဲ ငါးဖမ်းသမားတွေလည်းပါဝင်ပြီး အားလုံး ၆၀ အထိတောင် ရှိနိုင်တယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့စနေနေ့က မြောက်ပိုင်းပြည်နယ် တခုဖြစ်တဲ့ Borno က Garin Kwashebe ဒေသမှာ ဒေသဆိုင်ရာရွေးကောက်ပွဲလုပ်နေစဉ် အခုလို သတ်ဖြတ်ခံခဲ့ရတာလို့ဆိုပါတယ်။လယ်သမားတွေဟာ စစ်သွေးကြွတွေတောင်းတဲ့ ငွေကိုမပေးနိုင်လို့ အငြင်းပွားနေရာကနေ စစ်သွေးကြွတဦးက သေနတ်နဲ့ပစ်ခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။

Borno ပြည်နယ် လယ်သမားအစည်းအရုံး ခေါင်းဆောင်တဦးဖြစ်သူ Malam Zabarmari ကတော့ လူ ၄၀ ကနေ ၆၀ လောက်အထိ အသတ်ခံရတယ်လို့ ပြောပါတယ်။နိုင်ဂျီးရီးယား သမ္မတ Muhammadu Buhari ကတော့ ပြည်သူတွေ ဒီလိုသတ်ဖြတ်ခံရမှု အတွက် အထူးဝမ်းနည်းကြောင်း ပြောပါတယ်။ ပင်ပင်ပန်းပန်း အလုပ်လုပ်နေတဲ့ လယ်သမားတွေကို သတ်ဖြတ်တဲ့ အကြမ်းဖက်သမားတွေကို ရုတ်ချပါတယ်။

ဒီလို ရက်စက်တဲ့သတ်ဖြတ်မှုအတွက် တနိုင်ငံလုံး နာကျင်ရပါတယ်။လယ်သမားတွေရဲ့ မိသားစုတွေနဲ့အတူ ဝမ်းနည်းရပါတယ်” လို့ သမ္မတကပြောပါတယ်။ပြည်သူတွေရဲ့အသက်ကို ကာကွယ်ရေးအတွက် လိုအပ်တာမှန်သမျှဆောင်ရွက်ဖို့ တပ်မတော်ကို အစိုးရက အမိန့်ပေးထားတယ်လို့လည်း သမ္မတကပြောပါတယ်။

Borno ဒေသရဲ့ လွှတ်တော်ကိုယ်စားလှယ် Ahmed Satomi ကတော့ အလောင်း ၄၄ လောင်းကို တနင်္ဂနွေနေ့မှာ မြေမြှုပ် သင်္ဂြိုလ် ခဲ့တယ်လို့ပြောပါတယ်။သေဆုံးသူ ၆၀ လောက်ရှိတယ် ဆိုပေမယ့် အခုထိ အလောင်း ၄၄ လောင်းသာ ရရှိသေးတယ်လို့ သူကပြောပါတယ်။ဒီဒေသမှာ Boko Haram အဖွဲ့နဲ့အတူ IS အနောက်အာဖရိက အဖွဲ့ခွဲတခု လှုပ်ရှားနေ တယ်လို့သိရပါတယ်။ဘိုကိုဟာရန် အဖွဲ့ဟာ ကျေးရွာတွေဆီ ဝင်ပြီး လယ်သမားတွေဆီကနေ သီးနှံအခွန်၊ မွေးမြူရေးအခွန်တွေ တရားမဝင်ကောက်ခံပြီး မပေးရင် အခုလိုပဲ သတ်ဖြတ်လေ့ရှိတယ်လို့ အစိုးရဖက်ကပြောပါတယ်။

လွှတ်တော်အမတ် Satomi ရဲ့ အဆိုအရကတော့ လယ်သမားတွေဟာ သူတို့ဆီကနေ ငွေညှစ်ပြီး ရိုက်နှက်ခဲ့တဲ့ တကုယ်တော် ဘိုကိုဟာရန် တပ်သားတဦးကို သောကြာနေ့မှာ ဝိုင်းဖမ်းပြီး လက်နက်ဖြုတ်သိမ်းခဲ့တယ်လို့သိရပါတယ်။ ဒီလို စွန့်စွန့်စားစား ဖမ်းဆီးပြီး လုံခြုံရေးတပ်ဖွဲ့ဆီ လူရော၊ လက်နက်ပါ သွားအပ်ပါရဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့က လယ်သမားတွေကို အကာအကွယ်မပေးနိုင်တာဟာ ဝမ်းနည်းဖို့ အလွန်ကောင်းတယ်လို့ လွှတ်တော်အမတ်က ဝေဖန်ခဲ့ပါတယ်။ ။Source: AP

Leave a Reply

Your email address will not be published. Required fields are marked *