နိုင်ငံရေး စစ်ရေး

ရွေးကောက်ပွဲဆိုင်ရာ အထောက်အထားတွေ ထုတ်မပေးဖို့ UEC ညွှန်ကြားမေခ

ရွေးကောက်ပွဲဆိုင်ရာ အထောက်အထားတွေကို ကူးယူခွင့်ပြုဖို့ တပ်မတော်က တောင်းခံနေချိန်မှာပဲ၊ ဘယ်အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေကိုမှ ခွင့်မပြုဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားလိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက တင်ပြပါမယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်မရဘဲ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်း၊ အမှတ်အသား အထောက်အထားတွေကို မည်သည့်အဖွဲ့အစည်း၊ မည်သူတစ်ဦးတစ်ယောက်ကိုမှ ကူးယူခွင့်မပြုဖို့ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကို ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။

ရုံးတွင်းညွှန်ကြားချက်ကို လက်ခံရရှိထားတဲ့ ရှမ်းပြည်မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှုး ဦးနှစ်ဆန်းဦးကတော့ နှုတ်နဲ့အကြောင်းကြားခဲ့တာလို့ ဗွီအိုအေကို အတည်ပြုပါတယ်။”စာတော့ တရားဝင်မရောက်သေးပါဘူး။ မလိုလားအပ်တဲ့ စရင်းဇယား ရှင်းလင်းမှုတွေဖြစ်မှာစိုးလို့နဲ့တူတယ်၊ ကျနော်ထင်တာပေါ့နော်… ဥပမာ ရလဒ် မတိမ်းမယိမ်းကိစ္စမို့ ဒီဟာတွေပေးလိုက်လို့ ပြန်ပေါင်းတခုခု error ရှိခဲ့တယ်ဆိုရင် အပေါ်ကနေခွင့်မပြုဘဲ ပေါင်း၊ နုတ်၊ မြှောက်၊ စားလုပ်လို့ တလွဲ အဓိပ္ပါယ်တွေကောက်တွေ လွဲသွားရင် တခုနဲ့ တခု မကောင်းဘူး ဖြစ်သွားမှာ။ အဲဒီလို အဓိပ္ပါယ်တွေလည်းပါတာကိုး။

ကျနော်တို့ အောက်ခြေက ကော်မရှင် အဖွဲ့ခွဲတွေရဲ့ သဘောထားနဲ့ ပေးလိုက်တာမျိုးတွေ ဖြစ်မှာစိုးလို့ အပေါ်က အဲဒီလို ထိန်းတာ။ ကျနော်တို့က အပေါ်ကို တင်ပြပြီး pass ပေးတယ်ဆိုရင်တော့ ကျနော်တို့က ပေးလိုက်ရမှာပေါ့လေ။”ရွေးကောက်ပွဲမှာ တပ်မတော်သားတွေနဲ့ မိသားစုတွေ မဲပေးခဲ့ကြတဲ့ မြို့နယ် ၂၁၈ ခုက ရွေးကောက်ပွဲ ဖြစ်စဉ်တွေကို ပြန်လည်စိစစ် သုံးသပ်နေကြောင်းနဲ့ လိုအပ်တဲ့ အချက်အလက်တွေအတွက် အများပြည်သူနဲ့ သက်ဆိုင်တဲ့ မှတ်တမ်းတွေကို ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေက ကူးယူခွင့်ပြုဖို့ တပ်မတော်က တောင်းခံခဲ့ပြီးနောက်မှာပဲ ကော်မရှင်ရဲ့ ညွှန်ကြားချက် ထွက်ပေါ်လာတာပါ။

တပ်မတော်ကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တိုင်ကြားမှုတွေ ရှိနေတာကို ကြားသိရကြောင်းနဲ့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအဖြစ် အများပြည်သူက သံသယကင်းကင်းနဲ့ လက်ခံနိုင်အောင် ရည်ရွယ်ပြီး ပြန်လည်စိစစ်သုံးသပ်နေတာဖြစ်ကြောင်း ပြောဆိုထားပါတယ်။ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးကတော့ ကော်မရှင်ဘက်က စာရွက်စာတမ်းတွေကို ကူးယူခွင့်နဲ့ ပတ်သတ်လို့ လုပ်ဆောင်မှုတွေကို ဥပဒေနည်းဥပဒေမှာ ပြဌာန်းထားပြီးဖြစ်တာကြောင့် ကော်မရှင်ဘက်က ဥပဒေတိုင်းဆောင်ရွက် နေတယ်လို့ ဗွီအိုအေကိုပြောပါတယ်။”

လိုအပ်ချက်ပေါ်မှာ မူတည်ပြီးတော့ ပေးတာပေါ့နော်။ ဒါ အရင်တုန်းက ၂၀၁၅ ရော တောက်လျှောက်အစဉ်အလာတိုင်းကျနော်တို့ မဲစာရင်းကူးယူခွင့်နဲ့ ပတ်သက်လို့လည်း ဥပဒေတွေထဲမှာ သတ်မှတ်ချက်ရှိပါတယ်။ ရွေးကောက်ပွဲရလဒ် ပုံစံ ၁၉ တွေတောင်းတာ၊ ပုံစံ ၁၉ (၁) တောင်းတာတွေ ဒါတွေလည်း သူ့သတ်မှတ်ချက်တွေရှိပါတယ်။ အဲဒါတွေ ကျနော်တို့ပေးနေတာပါ။ ပေးလို့ရတဲ့ အတိုင်း ဥပဒေ၊ နည်းဥပဒေတွေအတိုင်း တင်ပြပြီးပေးနေပါတယ်။ နေ့စဉ်သတင်းစာတွေမှာ UEC ကလည်း ထုတ်ပြန်ချက်တွေ ထုတ်နေပါတယ်။ တဖြည်းဖြည်းခု… တဦးချင်းရလဒ်တွေထိ ဒီနေ့ဆို ပါလာပြီပေါ့နော်။

ကျနော်တို့ ထုတ်ပြန်ပေးနေတယ်ပေါ့လေ။ ထူးခြားတဲ့ဟာတော့ မဟုတ်ပါဘူး။ ပုံမှန်အတိုင်းပါပဲ။ ကျနော်တို့တော့ တင်ပြဖို့လိုတာပေါ့နော်။”ရွေးကောက်ပွဲ မငြင်းပခင် ရက်ပိုင်းအလိုမှာတုန်းကလည်း တပ်တော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ အားနည်းချက်တွေ ရှိခဲ့တယ်ဆိုပြီး ဝေဖန်ပြောဆိုခဲ့တဲ့အတွက် အစိုးရတာဝန်ရှိသူတွေနဲ့ အပြန်အလှန် တုံ့ပြန်မှုတွေလည်း ထွက်ပေါ်ခဲ့တာပါ။ရွေးကောက်ပွဲမှာ အများစုနေရာ အနိုင်ရကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ တပ်မတော်ရဲ့ စုံစမ်းစစ်ဆေးမှုတွေဟာ ရွေးကောက်ပွဲ လွတ်လပ်မျှတမှုကို မထိခိုက်ရင် ကန့်ကွက်စရာ မရှိကြောင်းလည်း ဗွီအိုအေကို ပြောဆိုထားပါတယ်။

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်ကတော့ ရွေးကောက်ပွဲ နောက်ဆက်တွဲ အခြေအတင် ဖြစ်စရာကိစ္စတွေအပေါ် အခုလိုသုံးသပ်ပါတယ်။”တပ်မတော်အနေနဲ့ကလည်း right to information ကို သုံးချင်တာလားပေါ့နော်။ ဒါဆိုရင်တော့ ဒီအပိုင်းမှာတချိန်ချိန် သူ့တို့ဆီကိုလည်း ရောက်လာနိုင်တယ်ဆိုတာ သတိပြုဖို့တော့ လိုတာပေါ့တယ်။ UEC အနေနဲ့ကျတော့ သတင်းသိပိုင်ခွင့်ဆိုတာကို ပေးလို့ရတဲ့ အချက်အလက်မျိုးကတော့ ဗဟိုကနေ ချုပ်ကိုင်ထားတာမျိုး မလုပ်ဘဲနဲ့ လွှတ်ပေးသင့်တယ်။ မဲပေးတဲ့စနစ်က လျို့ဝှက်မဲပေးတဲ့ စနစ်ကို ကျင်းသုံးတာ ဖြစ်တဲ့အတွက် ဘယ်သူဟာ ဘယ်မဲပေးတယ်ဆိုတာ သိပိုင်ခွင့် ဘယ်သူမှာမှ မရှိနိုဘူးလေ။

ဒီတော့ လွတ်လပ်စွာ မဲပေးခွင့်ကိုတော့ ဘယ်အဖွဲ့အစည်းကမှ မထိပါးဖို့တော့ လိုမယ်လို့ ထင်တယ်ဗျ။”ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့တွေကေတာ့ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လွတ်လပ်မျှတမှုရှိကြောင်း သုံးသပ်ကြပါတယ်။ ဒါပေမဲ့လည်း လွတ်လပ်မျှတတဲ့ အခြေအနေတွေ မရှိဘူးဆိုပြီး ပြည်နယ်နဲ့ တိုင်း ၆ ခုက မဲဆန္ဒနယ်မြေတချို့ကို ပယ်ဖျက်ခဲ့တဲ့အတွက် မဲဆန္ဒရှင် ၁,၀၀၀,၀၀၀ ကျော် မဲပေးခွင့်ဆုံးရှုံးခဲ့ရတဲ့ အပေါ်မှာတော့ နိုင်ငံတကာ အသိုင်းအဝန်းက စိုးရိမ်တဲ့ သဘောထားတွေကိုလည်း ပြောဆိုထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *