နိုင်ငံရေး စစ်ရေး

NLD ၏ ဖိတ်ခေါ်မှုကို လက်ခံကြောင်း အကြောင်းပြန်ထားသည့် တိုင်းရင်းသားပါတီ ၁၀ ခန့်ရှိလာ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဖိတ်ခေါ်မှုအပေါ်အကြောင်းပြန်ထားသည့် တိုင်းရင်းသားပါတီပေါင်း ၁၀ ပါတီခန့်ရှိကြောင်း ပါတီဗဟို အလုပ်အမှုဆောင်ဖြစ်သူ ဒေါက်တာမျိုးညွန့်က ပြောသည်။

“ဒီနေ့အချိန်ထိဆို အကြောင်းပြန်ပြီးတဲ့ ပါတီ ၁၀ ပါတီလောက်ရှိပါပြီ။ တိုင်းရင်းသားတွေရဲ့ ဖိတ်ခေါ်မှုကိုလက်ခံကြောင်း အကြောင်းပြန်စာတွေမှာ အများစု တောင်းဆိုထားကြတာက တန်းတူညီမျှ အုပ်ချုပ်ခွင့်ရရေး ၊ ဖက်ဒရယ်ရရေး ၊ တချို့ကြတော့လည်း ပင်လုံစာချုပ်ပေါ် အခြေခံရေးမူပေါ့။

ဒါမျိုးတွေ တွေ့ရပါတယ်။ ဒီလိုတွေ့ရပေမယ့် ဦးတည်ချက်ကတော့ တူကြတာကိုလည်း တွေ့ရတယ်။

ကျွန်တော်တို့တွေနဲ့ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖြစ်မယ့် ကိစ္စကတော့ ဘယ်သူ့ဘယ်သူမှ အကျိုးယုတ်စရာမရှိတဲ့ ကိစ္စပဲဖြစ်ပါတယ်”ဟု ဒေါက်တာမျိုးညွန့်က ပြောဆိုသည်။

နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စဟူသော ခေါင်းစဉ်ဖြင့် တိုင်းရင်းသားပါတီ ၄၈ ခုထံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နိုဝင်ဘာ ၁၂ ရက်တွင် အိတ်ဖွင့်ပေးစာပေးပို့ခဲ့သည်။

အဆိုပါ အိတ်ဖွင့်ပေးစာတွင် တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အဖွဲ့ချုပ်၏ ရည်မှန်းချက်များနှင့် တူညီကြသည်ဖြစ်ရာ အဖွဲ့ချုပ်အနေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုးစုများ ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည်ဟု ပြောဆိုထားသည်။

အဆိုပါပြောဆိုချက်အပေါ် တိုင်းရင်းသားပါတီအများစုက ကြိုဆိုကြောင်း တုန့်ပြန်မှုများပြုလုပ်ထားကြပြီး
ဒီချုပ်အနေဖြင့် အဆိုပါတိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုကို

ပါတီဗဟို အလုပ်အမှုဆောင်အစည်းအဝေးအပြီးတွင် စတင်သွားမည်ဟု ပြောဆိုထားသည်။

ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို ဒီဇင်ဘာလအတွင်း ကျင်းပသွားမည်ဖြစ်သော်လည်း
ကျင်းပမည့်နေ့ရက်ကို ထုတ်ပြန်ခြင်းမရှိသေးပေ။

“ကျွန်တော်တို့ တချို့ဟာတွေက ကြိုတင်ပြောလို့ မရသေးဘူးပေါ့။ ဒီလထဲမှာတော့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးလုပ်ဖြစ်မှာပါ။ ဒီအစည်းအဝေးမှာကတော့ ကဏ္ဍအစုံကို ထည့်သွင်း ဆွေးနွေးတာတွေ လုပ်ပါလိမ့်မယ်။

နောက်ပြီး တိုင်းနဲ့ ပြည်နယ်က တင်ပြလာတဲ့ ကိစ္စရပ်တွေ၊ မပြီးပြတ်သေးတဲ့ ကိစ္စရပ်တွေနဲ့
ပတ်သက်ပြီး ဆွေးနွေးတာမျိုးတွေ လုပ်မှာပေါ့။

တိုင်းရင်းသားဒေသတချို့မှာ အနိုင်ရခဲ့တဲ့ ပါတီတွေထဲကလူတွေကို အစိုးရအဖွဲ့ကို ဦးဆောင်ခိုင်းမယ် ၊
မခိုင်းဘူးဆိုတာမျိုးကတော့ ကြိုပြောလို့မရဘူးပေါ့”ဟု ဒေါက်တာ မျိုးညွန့်က ဆက်လက်ပြောဆိုသည်။

MyanmarTimes

Leave a Reply

Your email address will not be published. Required fields are marked *